သီတဂူဆရာတော်နဲ့ အရှင်ဆေကိန္န ဘယ်ရောက်နေလဲ (ရုပ်/သံ)
ဧရာဝတီ၊ မတ် ၃၁ ၊ ၂၀၂၅
မန္တလေးမြို့အနီး ဗဟိုပြုပြီး ပြင်းအားမြင့်လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဆရာတော်၊ သံဃာတော်တွေနဲ့ သီလရှင်တွေ အများအပြားပျံလွန်တော်မူခဲ့ကြသလို သာသနိက အဆောက်အဦတွေ အများအပြားဟာလည်း ပြိုပျက်ခဲ့ရပါတယ်။
ဒီလိုအခြေအနေတွေမှာ နာမည်ကြီး ဆရာတော်တွေဖြစ်တဲ့ ဆရာတော် အရှင်ဉာဏိသာရ (သီတဂူ) နဲ့ အရှင်ဆေကိန္န (ဓမ္မဒူတ) တို့ ကူညီကယ်ဆယ်ရေးတွေမှာ ပါဝင်လာတာကို မတွေ့ရပါဘူး။
ဒီဆရာတော်တွေဟာ စစ်ကောင်စီ ကျင်းပတဲ့ ပွဲတွေမှာ လူလုံးထွက်ပြလေ့ရှိပေမယ့် အခုကြုံတွေ့နေရတဲ့ ငလျင်ဘေးကြောင့် သံဃာတော်တွေနဲ့ ပြည်သူတွေ သေကြေပျက်စီးဆုံးရှုံးမှုတွေများစွာရှိနေပေမယ့် ပြည်သူလူထုကြားကို ကြွရောက်လာခဲ့ခြင်း မရှိခဲ့ပါဘူး။
ငလျင်ဒဏ်ကို ဆိုးဝါးစွာခံခဲ့ရတဲ့ စစ်ကိုင်းနဲ့ မင်းဝံတောင်ရိုးတလျှောက်မှာရှိတဲ့ သာသနိက အဆောက်အဦ ၈၀ ရာခိုင်နှုန်းဟာ ပြိုပျက်သွားခဲ့ပြီး အခုထိ လုံလောက်တဲ့ ကယ်ဆယ်ရေး မရှိသေးတာကြောင့်အပျက်အစီးပုံတွေကြား ပိတ်မိနေတဲ့ သံဃာတော်တွေနဲ့ သီလရှင်တွေ ၉၀ ရာခိုင်နှုန်းလောက်ဟာလည်း အသက်ရှင်ဖွယ်မရှိဘူးလို့ စစ်ကိုင်းက ဆရာတော်တပါးက မိန့်ထားပါတယ်။
မန္တလေးတိုင်းအတွင်းမှာလဲ သံဃာတော်တွေ စာဖြေနေတဲ့ ဦးလှသိန်းဗိမာန်ပြိုကျခဲ့ပြီး အခုထိ အပျက်အစီးကြားမှာ ပိတ်မိနေတဲ့ သံဃာတော်တွေကို ကယ်ဆယ်ထုတ်ယူနေရဆဲပါ။
ကယ်ဆယ်ရေး မလုံလောက်မှုတွေ၊ ခက်ခဲတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်တွေများစွာရှိပေမယ့်၊ စာရင်းအတိအကျ ထုတ်ဖော်ပြောဆိုဖို့တောင် ခက်တယ်လို့ နယ်မြေခံ ဒေသခံတွေနဲ့ ဆရာတော်၊ သံဃာတော်တွေက မိန့်ဆိုကြပါတယ်။
ဒီအခြေအနေတွေမှာ ဒီဆရာတော် ၂ ပါးအနေနဲ့ လက်ရှိ စစ်ကောင်စီရဲ့ မလျှော်ကန်တဲ့ လုပ်ရပ်တွေကို ထွက်ပြီး ပြောသင့်တယ်လို့ ဗုဒ္ဓတက္ကသိုလ်က ဆရာတော် မင်းသုညက မိန့်လိုက်ပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ကိုင်း #မင်းဝံ #သာသနိက #သံဃာ #သီလရှင် #ရှေးဟောင်း #စေတီပုထိုး #အရှင်ဆေကိန္န #သီတဂူ #Myanmarearthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy