ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)
ဧရာဝတီ၊ ဧပြီ ၂၊ ၂၀၂၅
လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဥ်တွေကို နိုင်ငံရဲ့ ထိပ်ဆုံး ဦးစားပေးလုပ်ငန်းစဥ်တွေအဖြစ် လုပ်ဆောင်ခဲ့တာတွေ တွေ့ရပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့စဉ်က လိုအပ်ချက်တွေအတွက် ငွေကျပ်ဘီလီယံ ၁၀၀၀ ကျော် သုံးစွဲသွားမယ်လို့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ပြည်သူသို့ပန်ကြားခြင်းအစီအစဥ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ဖူးပါတယ်။
NLD အစိုးရ ဦးဆောင်ခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကစပြီး ပြည်ထောင်စု ဘဏ္ဍာရံပုံငွေကနေ သဘာဝဘေးကယ်ဆယ်ရေးအတွက် နှစ်စဉ်ကျပ်ဘီလီယံ ၂၀ ကို ခွဲဝေပေးခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ပြည်တွင်းပြည်ပက အလှူရှင်တွေ လှူထားတဲ့ သဘာဝဘေး ရန်ပုံငွေ မြန်မာ ကျပ်ငွေ ဘီလီယံ ၄၀၀ ကို စစ်ကောင်စီက လွှဲပြောင်းယူလိုက်ပြီး ဒီရန်ပုံငွေတွေကို လယ်၊ယာစိုက်ပျိုးရေး ချေးငွေ၊ အသေးစား အလတ်စား ကုမ္ပဏီတွေအတွက် ချေးငွေထုတ်ချေးခဲ့တာပါ။
သဘာဝဘေး ရန်ပုံငွေတွေကို အခြားကဏ္ဍတွေမှာ သုံးစွဲစေခဲ့တဲ့ စစ်ကောင်စီဟာ ၂၀၂၅ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးအန္တရာယ်ကို ကိုင်တွယ်ရာမှာ ထိထိရောက်ရောက် မလုပ်နိုင်တာကို တွေ့ရပါတယ်။
လက်ရှိကြုံတွေ့နေရတဲ့သဘာဝဘေးတွေမှာ စစ်ကောင်စီ ဆောင်ရွက်နေမှုနဲ့ NLD အစိုးရလက်ထက်က ဆောင်ရွက်ခဲ့မှုအခြေအနေတွေကို လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ ဝင်းမြတ်အေးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #ငလျင် #သဘာဝဘေး #NLD #ဒေါ်အောင်ဆန်းစုကြည် #ဒေါက်တာဝင်းမြတ်အေး #NUG #Myanmarearthquake #whathappeningmyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy